စူးစမ်းစေချင်သည်
*******************
ဂျပန်မှာ ကျောင်းသွားတက်မယ်။
ကုန်ကျစရိတ်က မသေးလှပါဘူး သိန်း ၁၀၀ အထက်မှာရှိပါတယ်။
ရန်ကုန်မှာ အခုဆို ဂျပန်ဘာသာသင်ကြားပေးနေသော ကျောင်းတော်တော်များများက ၄င်းဝန်ဆောင်မှုကိုပေးနေပါပြီ။
ဂျပန်သွားချင်တယ်။ ကျောင်းတက်ချင်တယ်။
သွားချင်သူ ကာယကံရှင်သည် လိုက်လံစုံစမ်းထားသောကြောင့် လုပ်နည်းလုပ်ဟန်တွေကို သိသလို ဘာမှကိုမသိတဲ့သူလည်းရှိပါတယ်။
ဒီမှာ ကျောင်းတက်မည့်သူရဲ့ အခြေခံလိုအပ်ချက်ကလေးတွေကို ပြောပြပါမယ်။
ဂျပန်စာကို N5 မအောင်သေးရင်တောင် အခြေခံအနည်းငယ် ထိတွေ့ထားသူဖြစ်ရပါတယ်။
ဂျပန်နိုင်ငံမှာ ပြန်လည်သင်ကြားပေးသော်လည်း ကိုယ့်အမိနိုင်ငံမှာ မိခင်ဘာသာစကားနဲ့ အခြေခံကို ပိုင်နိုင်ထားရင် ဟိုရောက်မှ ဒုက္ခမတွေ့တော့ဘူးပေါ့။
အနိမ့်ဆုံးပညာအရည်အချင်းကတော့ ၁၀ တန်းအောင်မြင်ပြီးသူဖြစ်ရပါတယ်။ ဂျပန်နိုင်ငံက ကျောင်းတွေနဲ့လိုက်ပြီး တစ်ချို့က တက္ကသိုလ် ပထမနှစ်အောင်ပြီးမှ ခေါ်တဲ့ကျောင်းများလည်းရှိတတ်ပါတယ်။
ဒါကတော့ ကျောင်းတက်မည့်သူရဲ့ ပညာအရည်အချင်းလိုအပ်ချက်ပေါ့။
နောက်တစ်ချက်က ငွေကြေးတောင့်တင်းမှုရှိတယ်ဆိုတာကို ပြပေးရပါတယ်။
ဒါကတော့ ဂျပန်တင်မဟုတ်ပါဘူး ကျန်တဲ့နိုင်ငံတွေလည်း ကျောင်းလာတက်မည့်သူရဲ့ မိသားစုဟာ ဘာစီးပွားတွေလုပ်ပြီး ဘယ်လောက်ပိုက်ဆံရှိတယ်ဆိုတာ သိချင်မှာဘဲလေ။
ဒီလိုငွေကြေးတောင့်တင်းမှုကိုပြသဖို့အတွက် ကျောင်းတက်မည့်သူ၏ အဖေ(သို့) အမေက sponsor ဆိုပြီးပေးရပါတယ်။ အဲဒီ sponsor ပေးတဲ့သူဟာ ကိုယ်ပိုင်လုပ်ငန်း (သို့) ဝန်ထမ်းဖြစ်ရပါတယ်။ ဆိုလိုတာကတော့ အလုပ်အကိုင်ရှိတဲ့သူပေါ့။ နောက်ပြီးတော့ ဒီsponsorက ဘဏ်အကောင့်ရှိပြီး သူရဲ့အကောင့်ထဲမှာ သိန်း ၂၅၀မှ ၃၀၀ ဝန်းကျင်ရှိတဲ့ ငွေကိုစုဆောင်းထားကြောင်း ပြသပေးရပါတယ်။ လုပ်ပုံလုပ်နည်းကတော့ အကောင့်ထဲကိုငွေထည့် ငွေဝင်ထားတဲ့ ဘဏ်စာအုပ်ကို မိတ္တူကူး၊ Balanece Certificateကို ထုပ်ယူရပါတယ်။ ဒါတွေအားလုံးကို ဂျပန်နိုင်ငံ လဝက ကိုပူးတွဲတင်ပြရလို့ပါ။
ဒီလို ဘဏ်မှာ ငွေသွင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သိန်း ၂၅၀-၃၀၀ ဆိုတာ လုပ်ငန်းလည်ပတ်နေတဲ့သူဆို လုပ်ငန်းထဲရောက်နေတာတို့ တစ်ချို့ကျတော့လည်း ငွေပြပေးဖို့အဆင်မပြေတဲ့သူများလည်းရှိပါတယ်။ ဒါကြောင့် ဆောင်ရွတ်ပေးတဲ့ကျောင်း (သို့) အေးဂျင့်ကိုဘဲ အပ်လိုက်တာပေါ့။
ဒီအခါမှာ အေးဂျင့် (သို့) ကျောင်းတိုင်းဟာ မယုံကြည်ရပါဘူး။ ဘဏ်ကိုတာဝန်ယူတယ် လုပ်ပေးမယ်လို့သာပြောတယ် ဘဏ်အကောင့်လဲ ဖွင့်မပေး ငွေကျတော့လည်းထည့်မပေးတဲ့ နေရာအချို့ရှိပါတယ်။ ဒီဘဏ်နဲ့ပက်သက်တဲ့ စာရွတ်စာတန်းတွေကို အားလုံးအတုလုပ်လိုက်ပါတယ်။
ဂျပန်နိုင်ငံက လဝက ကလည်း တဖြည်းဖြည်းနဲ့သိလာတဲ့အခါကျတော့ အခုဆိုရင် sponsorရဲ့ ဘဏ်အကောင့်ဟာ တကယ်စစ်မစစ်ကို ဘဏ်စာအုပ်မိတ္တူမှာပါတဲ့ ဘဏ်ကိုဖုန်းဆက်ပြီးမေးလေ့ရှိပါတယ်။ ဒီအခါမှာ ဘဏ်အကောင့်က တကယ်ဖွင့်ထားတဲ့အကောင့်မဟုတ်ဘဲနဲ့ အတုဖြစ်နေတာမျိုးကိုတွေ့ရတဲ့အခါမှာ လဝက က COE (Certificate of Eligibility) ကိုထုပ်မပေးပါဘူး။ ဒါကို မြန်မာပြည်မှာ reject ထိတယ်လို့ ခေါ်ကြပါတယ်။ အခုထက်ထိ ဒီဘဏ်နဲ့ reject ထိတဲ့သူ တော်တော်များများရှိနေပါသေးတယ်။ rejectထိသွားပြီဆိုရင်တော့ သင့်ရဲ့အမည်က ဂျပန်နိုင်ငံ လဝက မှာ မှတ်သားထားပြီးသားဖြစ်လို့ နောက်တစ်ခါလျှောက်တဲ့အခါမှာ အရမ်းခက်ခဲပါတယ်။
rejectထိသူ တော်တော်များများပြောတတ်တဲ့စကားရှိပါတယ်။ ဘာမှအတွေ့အကြုံမရှိလို့ မသိလို့ပါတဲ့။ ဒါပေမဲ့ ကျောင်းလျှောက်ထားသူရဲ့ sponsor ဆိုတာက မိဘ ဆွေမျိုးသားချင်းနာ်။ ကာယကံရှင် မသိဘဲ ဘဏ်အကောင့်ဖွင့်လို့ရမလား။ ကာယကံရှင်မသိဘဲ သိန်း ၂၅၀-၃၀၀ကို ဘက်အကောင့်မှာ ထုပ်လို့သွင်းလို့ရသလား။ ဒီလိုအချက်လေးတွေကို စူးစမ်းစေချင်တယ်။ ကိုယ်ယုံကြည်လို ငွေပုံပြီးအပ်လိုက်တဲ့ အေးဂျင့်ကို မေးကြည့်ပါ။ ဘဏ်ကို ဘယ်လိုလုပ်ပေးမှာလဲ။ ငွေကဘယ်တော့ထည့်ပေးမှာလဲ စသဖြင့်ပေါ့။ ကာယကံရှင်တွေမပါဘဲနဲ့ အားလုံးပြီးသွားပြီလို့ပြောရင်တော့ အတုဖြစ်ဖို့သေချာတာပေါ့။ အေးဂျင့်ကို ငွေပေးပြီးသွားရင် သွားရတော့မယ်လို့ ထင်နေပြီး ဘာမှမစူးစမ်းဘဲနေ၊ မမှန်မကန်လုပ်တဲ့သူနဲ့တွေ့၊ rejectထိ၊ ဂျပန်ရောက်ဖို့ တစ်ဝဲလည်လည်ဖြစ်နေသူတွေ အများကြီးရှိပါတယ်။
အင်း ဂျပန်ရောက်သွားတဲ့သူတွေကျတော့ကော အဆင်ပြေနေတယ်မထင်နဲ့နော်။ ဂျပန်ရောက်တာနဲ့ဒုက္ခစတာပါဘဲ……
နောက်အပတ်များမှာလည်း ဆက်လက်ဖေါ်ပြပါမယ်။

နှင်းနှင်းယု
အုပ်ချုပ်မှုဒါရိုတ်တာ
အမ်အမ်ဗစ် ကုမ္ပဏီလီမိတက်
ဂျပန်နိုင်ငံ ပညာရေးဝန်ဆောင်မှု

Bookmark this on Yahoo Bookmark
LINEで送る