ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများ ဗဟုသုတ
***************************
အရင်တစ်ခေါက်က ဂျပန်မှာ ကျောင်းတက်မည့်သူများအတွက် ဗဟုသုတအနေနဲ့ ဘဏ်နဲ့သက်ဆိုင်သော စာရွတ်စာတန်းများအကြောင်းကို ပြောပြခဲ့ပါတယ်။
အခုတစ်ခေါက် ဂျပန်စာတတ်ကျွမ်းမှုနဲ့ ပက်သက်ပြီး ဗဟုသုတရစရာများကို ပြောပြပေးပါမယ်။
********************************

会社員1

ဂျပန်မှာ ကျောင်းတက်တော့မယ်ဆို ဂျပန်စာကို အခြေခံတက်ထားဖို့လိုပါတယ်။
ဂျပန်ရောက်မှ ဂျပန်စာကိုသင်မှာမိုလို့ တက်ထားစရာမလိုဘူးလို့ တွေးကောင်းတွေးပါလိမ့်မယ်။
ဒါဟာမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဂျပန်လူမျိုးတော်တော်များများဟာ အင်္ဂလိပ်လို မပြောတတ်လို့ဘဲဖြစ်ပါတယ်။
ဂျပန်စကားကို လုံးလုံးမသိသူဟာ ဘယ်လိုဒုက္ခမျိုးတွေ ကြုံနိုင်ပါသလဲ။

အရင်ဆုံးအချိန်ပိုင်း အလုပ်အကိုင်ရရှိဖို့ခက်ခဲပါလိမ့်မယ်။
ဟင်ဒါပေမဲ့ အချိန်ပိုင်းအလုပ်ကို မြန်မာပြည်က အေးဂျင့် (သို့) ကျောင်းက ရှာပေးမယ်လို့ ပြောထားပြီးသားကို။
ဟုတ်ပါတယ် အလုပ်တော့ရှာပေးပါတယ်။ အမှန်ပြောရရင် မိတ်ဆက်ပေးတာပေါ့။
သင်ကိုယ်တိုင် အလုပ်ရှင်နဲ့ အင်တာဗျူးရတာပါ။
အလုပ်ရှင်ကလည်း ဂျပန်စာကို အခုမှသင်မဲ့ နိုင်ငံခြားသားဖြစ်လို့ သင့်ရဲ့ ဂျပန်စကားပြောအရည်အချင်းကို အရမ်းကြီးမျော်လင့်မထားပါဘူး။
ဒီလိုဆိုပေမဲ့ အနည်းဆုံးတော့ ကိုယ်နာမည်ကို ပြောတတ်ရမယ်။ ကိုယ်ဘယ်ကျောင်းမှာ တက်ပြီး ဘယ်ရပ်ကွက်မှာ နေတယ်။ ဂျပန်ကိုဘယ်တုန်းကရောက်တယ်။ ဘယ်နိုင်ငံကလာတယ်။ စတာတွေတော့ ပြောတတ်ရပါတယ်။
ဒီလိုလဲမပြောတတ် အလုပ်ရှင်ပြောတဲ့ ဂျပန်စကားလည်းနားမလည်ရင်တော့ ဘယ်အလုပ်ရှင်ကခန့်မှာလဲနော်။
နောက်ဆုံးတော့ ဂျပန်စကားတစ်လုံးမှ မသိသူများဟာ ရရာအလုပ်တွေ လုပ်ရတဲ့အခါမှာ သူများမလုပ်ချင်တဲ့ ပင်ပန်းပြီး ညစ်ပတ်တဲ့အလုပ်တွေကို လုပ်ရတာများပါတယ်။
အလုပ်ရဲ့ပင်ပန်းဒဏ်၊ လုပ်ငန်းတွင်းဆက်ဆံရသူများနဲ့လည်း စကားမပေါက်ရင် ဂျပန်မှာနေရတာ ပျော်အုန်းမလား။
ဒါကအချိန်ပိုင်းအလုပ်မှာတွေ့နိုင်တဲ့ ပြသာနာပါ။

နောက်တစ်ခုက ဂျပန်စကားအခြေခံမရှိသူဟာ ပညာရေးမှာလည်း အခက်ခဲတွေတွေ့နိုင်ပါတယ်။
မြန်မာပြည်မှာ အခြေခံကိုသင်မထားတော့ ဂျပန်လည်းရောက်ရော ကျောင်းမှာ အင်္ဂလိပ်လိုနဲ့ ဂျပန်လို့ကိုညှပ်ပြီး ဂျပန်ဆရာတွေက သင်တဲ့အခါမှာ ဘာတွေပြောနေမှန်းကိုသိမှာ မဟုတ်ဘူး။ ဘာတွေမှန်းတော့မသိပေမဲ့ ကျောင်းပျက်လို့ကလည်းမရတော့ ကျောင်းကလည်းဆက်တက်ရတာပေါ့။ ဒီလိုနဲ့ပဲ ဗီဇာသက်တန်းလည်း ကုန်ခါနီးပြီး ကိုယ့်ဂျပန်စာ အရည်အချင်းကလည်း တက်မလာတော့ ဒုက္ခတွေများပြီပေါ့။
ခွင့်ပြုထားတဲ့ ဗီဇာသက်တန်းက ၂နှစ်တည်းကို။
ဒါဆိုရင်ဘာလုပ်မလဲ။
ဗီဇာလည်းသက်တန်းလည်းကုန် ထပ်တိုးလို့လဲမရတော့ မြန်မာပြန်ရတော့မှာပေါ့။
*******************************
အကယ်၍များ မြန်မာပြည်မှ N5အောင်ထားပြီး N4 or N3 အထိဆက်ပြီး တက်ထားခဲ့မယ်ဆိုရင် အခြေအနေက မတူပါဘူး။
အချိန်ပိုင်းအလုပ်လည်း သင့်တင့်သလောက် အဆင်ပြေမယ်။ ကျောင်းကသင်တဲ့စာကိုလည်း လိုက်နိုင်မယ်။ ဗီဇာသက်တန်းမကုန်ခင် N2 လောက်ကို ဖြေထားမယ်။ ဒါဆို ဂျပန်စာကျောင်းပြီးသွားလည်း အသက်မွေးဝမ်းပညာသင်ကျောင်း (senmon) (သို့) တက္ကသိုလ်ကို ထပ်ပြီးတက်လို့ရပါတယ်။ ဒီလိုမျိုးဆက်ပြီးတက်နိုင်မှ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့် ဗီဇာကလည်း သက်တန်းတိုးလို့ရပါတယ်။ အသက်မွေးဝမ်းပညာသင်ကျောင်းဟာ ဗီဇာ၂-၃ နှစ်အထိ ရတတ်ပါတယ်။ ဒီကျောင်းကဆင်းရင်တော့ ဂျပန်နိုင်ငံမှာ တရားဝင်လုပ်ငန်းခွင်ဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဂျပန်လူမျိုးများနည်းတူ တစ်လ သိန်း ၂၀(ကျပ်) ဝန်းကျင်ရှိတဲ့လစာနဲ့ လုပ်ကိုင်ခွင့်ရမှာပါ။ တရားဝင်အလုပ်ရှိတဲ့အတွက် ကိုယ်မိသားစုကိုလည်း ခေါ်လို့ရတယ်လေ။ ပြီးတော့ လုပ်ငန်းခွင်ထဲဝင်ပြီး နှစ်အနည်းငယ်ကြာလာရင်တော့ PR (eijyuken) ကိုလျှောက်ခွင့်ရှိပါတယ်။
ဒီလိုအနာဂတ်ရှိမယ်ဆိုရင်တော့ ဂျပန်နိုင်ငံမှာ ကြိုးစားရကျိုးနပ်ပါတယ်နော်။
ဒါကြောင့် ကျောင်းတက်ကြမဲ့သူများကို လက်တလော အချိန်ပိုင်းအလုပ်လုပ်ပြီးရတဲ့ ဝင်ငွေနဲ့ မရောင့်ရဲစေချင်ပါဘူး။ ရည်ရွယ်ချက်မြင့်မြင့်ထား ပညာကြိုးစားပြီး ပိုမိုမြင့်မားတဲ့ လူနေမှုဘဝများဆီသို့ တက်လှမ်းစေချင်ပါတယ်နော်။
နောက်ပိုင်းလည်းဆက်လက်ရေးသားပါမည်။

နှင်းနှင်းယု
အုပ်ချုပ်မှုဒါရိုတ်တာ
အမ်အမ်ဗစ် ကုမ္ပဏီလီမိတက်
ဂျပန်နိုင်ငံ ပညာရေးဝန်ဆောင်မှု

Bookmark this on Yahoo Bookmark
LINEで送る